သွားအခေါင်းပေါက်ဖာထေးခြင်း

သွားအခေါင်းပေါက်ဖာထေးခြင်း ဆိုတာဘာလဲ?

သွားနှင့်ခံတွင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် ယနေ့ခေတ်ကမ္ဘာကြီးတွင် ကျွန်ုပ်တို့အားလုံးအတွက် လုပ်ရိုးလုပ်စဉ် ကျန်းမာရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သည်။ သွားအပေါက် သို့မဟုတ် သွားအခေါင်းပေါက် ဖာပေးခြင်းသည် သွားများ တဖြည်းဖြည်း ဆုံးရှုံးခြင်းမှ ရှောင်ရှားနိုင်သလို ားများ၏ သက်တမ်းကိုကြာရှည်တည်တံ့အောင် လုပ်ပေးနိုင်သည့် သွားဘက်ဆိုင်ရာ လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည်။

Dental Amalgam (သို့) ငွေသားဖြင့် သွားအပေါက်ဖာခြင်း အဘယ်နည်း?

သွားနှင့်ခံတွင်းအမာလ်ဂမ်ကို ၎င်း၏အသွင်အပြင်ကြောင့် အရပ်အခေါ် ငွေသားဖြင့် သွားအပေါက်ဖာခြင်း သို့မဟုတ် ငွေသားဖြည့်ခြင်း သို့မဟုတ် ငွေသွားစိုက်ခြင်း ဟူ၍ ရှေးယခင်ကတည်းက လူသိများကြသည်။ ထို သွားပေါက်ဖာခြင်းတွင် ပြဒါးအရည် (ခန့်မှန်းခြေ (50%) ပြဒါး) နှင့် ငွေ၊ ကြေးနီ၊ သံဖြူ နှင့် ဇင့်တို့ ရောနှောထားသော သတ္တုစပ်ဖြင့် ဖြည့်စွက်ပြီး သွားပိုးစားနေသော အပေါက်ကို သွားဆရာဝန်များက ဖာထေးပေးခြင်း ဖြစ်သည်။

သွားဘက်ဆိုင်ရာ Amalgam အကြံပြုချက်များ

သွားနှင့်ခံတွင်း အမာလ်ဂမ် နှင့် ဆက်စပ်သော ကျန်းမာရေးအန္တရာယ်အတိအကျကိုမသိရသော်လည်း၊ သွားအပေါက်ပြုပြင်ဖာထေးနေစဉ် အယ်လ်ဂမ် မှ သေးငယ်သော အမှုန်အမွှားများကို မျိုချနိုင်သည်ဖြစ်စေ သို့မဟုတ် မျိုချမိကာ ပြဒါးအငွေ့များကို ရှူသွင်းနိုင်သောကြောင့် သွားပိုးစားခြင်းဖြစ်ပေါ်ခဲ့လို့ သွားဖာထေးမယ်ဆို အောက်ဖော်ပြပါ အုပ်စုများသည် ပြဒါးအမာလ်ဂမ်လုပ်ချင်းကို အထူးရှောင်ကြဉ်သင့်သည်။

● ခြောက်နှစ်အောက် ကလေးများ

● ကိုယ်ဝန်ရှိနေသော သို့မဟုတ် ကိုယ်ဝန်ယူရန် စီစဉ်နေသော အမျိုးသမီးများ

● နို့တိုက် မိခင်များ

● အာရုံကြောဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ကျောက်ကပ်ဆိုင်ရာ ကျန်းမာရေးချွတ်ယွင်းချက် ရှိသူများ

● ပြဒါး၊ ငွေ၊ ကြေးနီ၊ သံဖြူ သို့မဟုတ် ဇင့်ကို စသည်တို့နှင့် မတည့်သူများ

အရပ်အခေါ် ငွေသားဖြင့် သွားအပေါက်ဖာခြင်း ရှောင်ရှားရန် အခြားနည်းလမ်းတွေရှိပါသလား?

အဖြူရောင်အဆင်းသဏ္ဌာန် နှင့် ကြာရှည်ခံခြင်းကြောင့် “White filling” ဟုခေါ်သော သွားပေါက်ဖာထေးခြင်းသည် လူသိများသော ရေပန်းစားသော ရွေးချယ်မှုဖြစ်လာပါသည်။ ကြွေထည်နှင့် ဇာကွန်နီယမ်စသည့် သွားပေါက်ဖာခြင်းတို့သည်လည်း ငွေ-ပြဒါးသုံးသည့်နည်းအတွက် အလားအလာရှိသော အစားထိုးမှုများဖြစ်လာပြန်သည်။ အကောင်းဆုံးကတော့ သွားပေါက်ဖာထေးမည်ဆိုလျှင် တတ်ကျွမ်းနားလည်သော ကျန်းမာရေးပညာရှင် သို့မဟုတ် သွားဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်၍ အကြံဉာဏ်ယူဖို့ တိုက်တွန်းပါသည်။

ကိုးကား
[1] Dental Amalgam Fillings. Retrieved from https://www.fda.gov/medical-devices/dental-devices/dental-amalgam-fillings

[2] Dental Amalgam Fillings Recommendations – Graphics. Retrieved from https://www.fda.gov/medical-devices/dental-amalgam-fillings/dental-amalgam-fillings-recommendations-graphics

[3] The Dental Amalgam Toxicity Fear: A Myth or Actuality. Retrieved from https://www.ncbi.nlm.nih.gov/pmc/articles/PMC3388771/

[4] Healthline – What You Should Know About Composite Fillings. Retrieved from https://www.healthline.com/health/dental-and-oral-health/composite-fillings

[5] An Alternative To Silver Mercury Fillings. Retrieved from https://www.naturalandcosmeticdentistry.com/alternative-silver-fillings/

 

စက်မှုတော်လှန်ရေးနောက်ပိုင်း ကျွန်ုပ်တို့အားလုံးသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများကို ကြုံတွေ့နေကြရသည်။ ပြဒါးအဆိပ်သင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် Minamata ရောဂါသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု၏ အကျိုးဆက်များထဲမှ တစ်ခုပင်ဖြစ်သည်။

ပြဒါးနှင့် ထိတွေ့မှုတိုင်းသည် လူ့ကျန်းမာရေးကို စိုးရိမ်စရာအဖြစ် ခြိမ်းခြောက်နိုင်ပြီး .. အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်ဝမ်းတွင်းမှ သန္ဓေသား နှင့် ကလေးငယ်များတွင် သာမာန်လူကြီးထက်ပိုသော ကျန်းမာရေးဆိုးကျိုးကို ဖြစ်စေနိုင်ပါသည်။

ပြဒါးအဆိပ်သင့်ခြင်းနှင့် ညစ်ညမ်းခြင်းဆိုင်ရာ အရင်းအမြစ်များကိုလည်း ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများ ကာကွယ်တားဆီးရေးအဖြစ် စဉ်ဆက်မပြတ် လှုံဆော်သတိပေးသင့်သည်။